ရဟန်းခံရှင်ပြုသိမှတ်ဖွယ်

မှီရာ (ဆောင်ရန်) ၄-ပါး

ရဟန်းဖြစ်ချိန်မှတ်တမ်းကို ပြောပြပြီးနောက် သိသင့်သိထိုက်သော အမှီ(ဆောင် ရန်) လေးမျိုးနှင့် လုံးဝမပြုကျင့်ထိုက်သော ရှောင်ရန်) လေးမျိုးတို့ကိုလည်း ပြောထားရမည်။
သာသနာ့ဘောင်ဝင်ရောက် ရှင် ရဟန်းပြုသူ အချို့တို့သည် ဒါယကာ ဒါယိ ကာမတို့၏ လှူဒါန်းမှုကို အထင်ကြီးကြပြီး အချောင် စားရ လိမ့်မည် အထင်ရှိ နေကြသည်၊ ထိုသူများသည် မှန်းချက်နှင့် နှမ်းထွက် မကိုက်ကြဘဲ ဆွမ်းခံစားရမည် ရှိသောအခါ တွန့်သွားတတ်ကြ သည်၊ အချို့လည်း ရဟန်းဖြစ်ပြီးနောက် စား ဝတ် နေ ရေး ကျန်းမာရေးအတွက် အားငယ်သွားတတ်ကြသည်၊ ထိုအခြေ အနေအားလုံး ကို ဖြေရှင်းပေးသောအနေဖြင့် ရဟန်းသစ်အား မှီရာ ၄-ပါးကို ပြောထားဘို့ရန် မြတ်စွာဘုရား မိန့်ကြားတော်မူခဲ့ပါသည်။

မှီရာ ၄-ပါး ဟူသည် လောကဝေါဟာရအားဖြင့် ဆွမ်း သင်္ကန်း ကျောင်း ဆေး- ပစ္စည်း ၄-ပါးပင် ဖြစ်သည်၊ ယင်း လေးမျိုး မရရှိရင် ခန္ဓာကိုယ် မရပ်တည်နိုင်၊ ယင်းတို့သည် ခန္ဓာကိုယ်၏ မှီရာများဖြစ်သည်။
ပစ္စည်းလေးပါးသည် ခန္ဓာကိုယ်အတွက် မရှိမဖြစ် အမှန်တကယ် လိုအပ်သည်မှန်သော်လည်း ရှာမှီးပုံ နည်းလမ်းမကျလျှင်-

`ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးမှ ဆေးအတွက် လေးသွားနိုင်သည်၊´ သံသရာ ဝဋ်ဒုက္ခမှ လွတ်မြောက်ဖို့ရန် ဟူသော ရှင် ရဟန်းပြုလာ ခြင်း၏ ရည်ရွယ်ချက် ပြည့်မြောက်ရေးအတွက် ကိစ္စနည်းပါး၍ အသက်မွေးမှု လွယ်ကူပေါ့ပါးဖို့ လို၏၊

ရဟန်းတော်များနှင့် အသင့်လျော် ဆုံး ပစ္စည်းဖြစ်ရန်-
၁။ တန်ဖိုးနည်းရမည်။
၂။ ကာလ ဒေသမရွေး ရလွယ်ရမည်။
၃။ အပြစ်ကင်းရမည် ဟု မြတ်စွာဘုရားက မူကြီး ၃-ရပ် ချမှတ်ပေးတော်မူခဲ့သည်။

ယင်း ၃-ရပ်နှင့် အံဝင်ခွင်ကျ ကိုက်ညီသော ပစ္စည်းမျိုးကား-
၁။ ဆွမ်းခံ၍ ရသော ဆွမ်းပစ္စည်း၊
၂။ ပံ့သကူ သင်္ကန်းပစ္စည်း၊
၃။ သစ်ပင်ရင်းတည်းဟူသော ကျောင်းပစ္စည်း၊
၄။ နွားကျင်ငယ် ဟူသော ဆေးပစ္စည်း ဤလေးမျိုးတို့ဖြစ်သည်။

ဆွမ်းဟူသော မှီရာ

ဆွမ်းခံရသော ပစ္စည်းသည် တစ်အိမ် တစ်အိမ်လျှင် တစ်ဇွန်းတစ်ယောက်မ တစ်လုတ်စာမျှ လောင်းလှူကြရသဖြင့် လှူသူများအား ဝန် မတက်စေရုံမက တန်ဖိုးလည်းနည်းလှ၏၊ ဝန်မတက်စေသဖြင့် အရပ်ဒေသတိုင်း အိမ်မြင်တိုင်း ရဖို့ရန်လွယ်ကူသည်၊ ပေါများသောခေတ်၊ ရှားပါးသောခေတ် ဘယ်ခေတ်မဆို ရလွယ် သည်၊ တစ်လုတ်စာမျှ လောင်းလှူရသဖြင့် ဒါယကာတို့၏အပေါ်မှာ ငဲ့ညှာရခြင်း တွယ်တာ ခြင်းမထားသဖြင့် တဏှာသံယောဇဉ် ကင်း၏၊ ဒါယကာ အလိုလိုက်ရခြင်း စသော ကုလဒူသက အနေသန မိစ ္ဆာဇီ၀ အပြစ်တို့မှ ကင်း သည်၊ ဆွမ်းနှင့်ပတ်သက်၍ စိုးရိမ်သောကဖြစ်ရခြင်း၊ ကြောင့်ကြ စိုက်ရခြင်းတို့မှလည်း ကင်းဝေးနိုင်သည်။

အကြောင်း အမျိုးမျိုးကြောင့် ကျောင်းကန်သို့ မလာရောက်နိုင်သူများကို ကုသိုလ်ထုပ် လှည့်လည် ဝေငှသည်မည်သည်၊ အာဟာရပရိယေ သန (အာဟာရ ရှာရခြင်း)ဒုက္ခကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်သည်၊ အနာရောဂါကင်းခြင်းစသော စင်္ကြ ံံလျှောက်ခြင်း၏ အကျိုးခံစား နိုင်သည်၊ အရိယာသူတော်ကောင်းတို့၏ လမ်းစဉ် ဆွမ်းခံကျင့်ဝတ်ကို ပူဇော်သည်လည်း မည်သည်၊ ဤသို့ စသည်ဖြင့် ဆွမ်းခံ၍ ရသော ပစ္စည်းသည် အလွန်မွန်မြတ်လှပေသည်။

မြတ်စွာဘုရားသည် တပည့်သားများအား အာမိသ(ပစ္စည်း)အမွေကို ပေး သောအခါ လတ်တလော အကျိုးထက် ရေရှည်အကျိုးများနိုင် သော ကိုယ်တိုင် ဆွမ်းခံ၍ ရသည့် အာမိသအမွေကို ပေးခဲ့ခြင်း ဖြစ်ဟန်တူပါသည်။

အပိုလာဘ်ကို ခွင့်ပြုတော်မူခြင်း

မြတ်စွာဘုရားသည် အစွန်းရောက်ဝါဒကို ကျင့်သုံးတော်မမူ၊ ဆွမ်းခံကျင့်ဝတ် ကောင်းသည် မှန်သော်လည်း ဆွမ်းခံဖို့ မလျော်သော အခါ မလျော်သော ပုဂ္ဂိုလ်မျိုးကို ငဲ့ညာပြီး အပိုလာဘ်ကို ခွင့်ပြုတော်မူခဲ့ပါသေးသည်၊ အမြင်ကျယ်သော သဗ္ဗညုတဉာဏ်တော်ရှင် သနားငဲ့ညှာ တတ်သော မဟာကရုဏာတော်ရှင်ဖြစ်တော်မူပါပေသည်၊ ကာယဗလအားနည်းခြင်း၊ ခြေလက်မှာ အနာရှိခြင်း၊ မျက်စိအားနည်းခြင်း ဖျား နာ ခြင်း စသော အနာရောဂါ ရှိ၍ ဆွမ်းခံမထွက်နိုင်သူ၊ ကိုယ်ရေ ကိုယ်သား နူးညံ့လှ၍ ဆွမ်းခံထွက်ရလျှင် ကာယိကဒုက္ခဖြစ်ပြီး စိတ္တ သုခကို မရနိုင်သူ၊ သံဃာ့ဝန်ကို ဆောင်နေရသူ စသည်တို့သည် ဆွမ်းခံထွက်ဖို့မလွယ်ကူပေ၊ ၎င်းပြင် စွမ်းနိုင်သောဒါယကာတို့က သံဃာ အားလုံးအတွက်ဖြစ်စေ ပင့်ဖိတ်၍ ဖြစ်စေ လှူဒါန်းရာအခါမျိုး၊

ဤသို့ စသည်ဖြင့် ဆွမ်းခံ၍ မလျော်သော ပုဂ္ဂိုလ်မျိုး အခါမျိုးကို ငဲ့ညှာ၍ ဆွမ်းခံ၍ရသော ဘောဇဉ်ထက် အပိုအလွန်ဖြစ်သည့် ပို့ဆွမ်း ပင့်ဆွမ်းများကို ခွင့်ပြုတော်မူခဲ့ပါသေးသည်။

သင်္ကန်း ဟူသော မှီရာ

အဝတ်သင်္ကန်းသည်လည်း ခန္ဓာကိုယ်အတွက် မှီရာနိဿယ တစ်ပါးအပါအဝင်ဖြစ်သည်၊ မှန်၏၊ အချမ်းအပူစသော ဘေးရန်ကို ကာကွယ် ရန်နှင့် အရှက်အကြောက်ကို ဖုံးလွှမ်းရန် အဝတ်သင်္ကန်းကို အသုံးပြုရသည်၊ သင်္ကန်းဟူသမျှတို့တွင် ပံ့သကူသင်္ကန်း- ဟူသည် သင်္ချိုင်း ကုန်းမှ ရသော အဝတ်၊ သူများ မလိုချင်၍ စွန့်ပစ်ထားသော အဝတ်များကို- ကောက်ယူပြီး ရဟန်းနှင့် လျော်အောင် ဖွပ်လျော် ချုပ်ဆိုး ထားသော သင်္ကန်းဖြစ်သည်၊ သူများ မလိုချင်၍ စွန့်ပစ်ထားရာမှရသော အဝတ်သင်္ကန်းဖြစ်၍ တွယ်တာမှုတဏှာ ကင်းသည်၊ အဟောင်း အနွမ်းဖြစ်၍ လိုချင်သူမရှိသဖြင့် စောင့်ရှောက်ရမှု ကြောင့်ကြဗျာပါရ သောကငြိမ်းသည်၊ အလှူရှင် ကိုယ်တိုင်လှူသော သင်္ကန်းမဟုတ်၍ ဒါယကာကို ငဲ့ညှာရခြင်း ဒါယကာ၏ စိတ်ကို စောင့်ရှောက်ရခြင်း စသော လူတို့နှင့်စပ်သော တဏှာသံယောဇဉ်မှ ကင်းသည်။

ဤသို့ စသည်ဖြင့် ပံ့သကူသင်္ကန်းသည် လောကတန်ဖိုး နည်းသော်လည်း လောကုတ္တရာတန်ဖိုး ကြီးမြတ်လှသည်၊ မြတ်စွာဘုရားသည် မိမိတပည့်သား သာဝကများအား မွန်မြတ်သော လောကုတ္တရာကျိုး ရရှိစေလိုသဖြင့် ပံ့သကူသင်္ကန်း တည်းဟူသော အာမိသအမွေကို ပေးတော်မူခဲ့သည်။

အပိုအလွန်ဖြစ်သော သင်္ကန်း

ပံ့သကူသင်္ကန်းသည် ရဟန်းများနှင့် အသင့်လျော်ဆုံးသော မွန်မြတ်သည့် သင်္ကန်းဖြစ်သော်လည်း လှူဒါန်းမည့်သူရှိလျှင် စေတနာငဲ့၍ အလှူခံပြီး ဝတ်ရုံနိုင်ရန် ခွင့်ပြုတော်မူခဲ့ပါသေးသည်။

ကျောင်း ဟူသော မှီရာ

စားရေးဝတ်ရေး ပြေလည်ရုံနှင့်လည်းမပြီးသေး၊ နေစရာကျောင်းသည်လည်း ခန္ဓာဝန်ကို စောင့်ရှောက်ရန်မရှိမဖြစ်သော မှီရာပစ္စည်းတစ်ခု ဖြစ်သည်၊ အချမ်း အပူစသော ဘေးရန်များကို ကာကွယ်ရန်နှင့် ကိန်းအောင်းမွေ့လျော်ရန် ကျောင်းကို မှီဝဲသုံးဆောင်ရပါသည်၊ ကျောင်း ပစ္စည်းကို လိုအပ်သည် မှန်သော်လည်း သာသနာ့အလုပ် ပျက်လောက်အောင် ဝန်တက်မည့် ကျောင်းအမျိုးမျိုး ရှိသည့်အနက် သစ်ပင်ရင်း တည်းဟူသော ရုက္ခမူကျောင်းသည်-
၁။ တန်ဖိုးလည်း နည်းသည်၊
၂။ ကာလ ဒေသ မရွေး ရလွယ်သည်၊
၃။ အပြစ်ကင်းသည်၊
၄။ တံခါးပိတ်ရမှု၊ ပြုပြင်ရမှု စောင့်ရှောက်ရမှု စသော ပလိဗောဓ ကင်းသည်၊
၅။ ကျောင်း၌ စွဲလန်းတွယ်တာမှု တဏှာသံယောဇဉ်မှလည်း ကင်းသည်။

ဤသို့ စသည်ဖြင့် မရေတွက်နိုင်သော အကျိုး အာနိသင်နှင့် ပြည့်စုံသဖြင့် အလွန်မွန်မြတ်လှသည်၊ သူတော်ကောင်းတို့နှင့် လည်း လျော် ကန်သည်၊ ထိုအကျိုး အနန ္တတို့ကို ရစေလို၍ မြတ်စွာ ဘုရားသည် ရုက္ခမူကျောင်းတည်းဟူသော အာမိသအမွေကို ပေးတော်မူခဲ့ပါသည်။

အပိုအလွန်ဖြစ်သော ကျောင်း

သစ်ပင်ရင်း တည်းဟူသော ကျောင်းသည် ဝိပဿနာဓုရပုဂ္ဂိုလ်များနှင့် သင့်လျော်သည် မှန်သော် လည်း ဥတုဘေးဒဏ်မခံနိုင်သူ၊ ပရိသတ် မွေး၍ ဂန ္ထဓုရတာဝန် ထမ်းဆောင်သူ ပုဂ္ဂိုလ်များ အတွက် ကား မိုးလုံလေလုံ ကျောင်းများကို လိုအပ်ပါသေးသည်၊ ရုက္ခမူကျောင်းထက် အပိုအလွန်ဖြစ်သော ကျောင်းမျိုးကား ၄-ဖက်မိုး ကျောင်း၊ ပြာသာဒ်၊ လိုဏ်ဂူ၊ အုတ်တိုက်စသော အဆောက် အအုံများဖြစ်သည်။

ဆေး ဟူသော မှီရာ

စားဝတ်နေရေး ပြည့်စုံပြီး ကျန်းမာရေး မပြည့်စုံပြန်လျှင်လည်း မည်သည့် လုပ်ငန်းကိုမျှ အောင်မြင် အောင် ဆောင်ရွက်နိုင်မည်မဟုတ်ချေ၊ ကျန်းမာခြင်းသည် တရားအားထုတ်သူ၏ အဂါၤ တစ်ပါး ဖြစ်သည့်အပြင် အကောင်းဆုံး လာဘ်တစ်ပါးလည်းဖြစ်သည်၊ ထို့ကြောင့် ကျန်းမာ ရေးအတွက် ဆေးပစ္စည်းကို မရှိမဖြစ်သော မှီရာနိဿယတစ်ပါးအဖြစ် မြတ်စွာဘုရား ခွင့်ပြုတော်မူခဲ့ပါသည်။

ဆေးအမျိုးမျိုးရှိသည်တွင် တန်ဖိုးနည်းခြင်း၊ ရလွယ်ခြင်း၊ အပြစ်ကင်းခြင်းဟူသော မူ ၃-ရပ်နှင့် ညီသည့် ပူတိမုတ္တဆေးကို အာမိသအမွေ အဖြစ် မြတ်စွာဘုရား ပေးတော်မူခဲ့ပါသည်၊ ပူတိမုတ္တ ဆေးဟူသည် နွားကျင်ငယ်တည်း၊ `နွားကျင်ငယ်ဖြင့်စိမ်အပ်သော ဇီးဖြူသီးကိုလည်း ကောင်း ပုပ်သိုးသည် မကောင်းသည်ဖြစ်၍ စွန့်ပစ်ထားအပ်သော ဆေးကိုလည်းကောင်း ပူတိမုတ္တဆေး ဟု ခေါ်ကြသေးသည်၊ ဝါဒအမျိုး မျိုးရှိသော်လည်း တန်ဖိုးနည်းခြင်း၊ ရလွယ်ခြင်းဟူသော မူနှင့် ကိုက်ညီ သော ပူတိမုတ္တဆေးမှာ နွားကျင်ငယ်သာ ဖြစ်သင့်သည်၊ နွားကျင်ငယ်ကို သောက်သုံးက အဖျား ရောဂါ လေငန်းရောဂါ သွေးဒူလာ ရောဂါ စသော ရောဂါအမျိုးမျိုးကို ပျောက်ကင်း စေနိုင်သည်။

အပိုအလွန်ဖြစ်သော ဆေး

ပူတိမုတ္တဆေးသည် မွန်မြတ်သော ဆေးဖြစ်သော်လည်း သင့်လျော်သော အကောင်းရှိက ထောပတ်၊ ဆီဦး၊ ဆီ၊ ပျားရည်၊ တင်လဲ ဟူ သော ဆေး ၅-မျိုးနှင့် ဗိန္ဓောဆေးများကိုလည်း လိုအပ်သလို သုံးနိုင်ရန် အပိုခွင့်ပြုတော်မူခဲ့ပါသည်။

ဆောင်ရန်) ပစ္စည်း ၄-ပါး သုံးဆောင်နည်း

“မှီရာလေးသင်း၊ မာရ်ကျော့ကွင်း၊ ဝဋ်တွင်း နက်လေစွ” ဟူသည်နှင့် အညီ ပစ္စည်း ၄-ပါး၌ သာယာငြိတွယ်၍ ကျော့ကွင်းမိခဲ့လျှင် ဝဋ်ဒုက္ခတွင်း နစ်မွန်းရသည်၊ ပစ္စည်း ၄-ပါး ရှာမှီးရာ၊ သုံးစွဲရာတို့၌ ကျွမ်းကျင် လိမ္မာဖို့ အရေးကြီးသည်၊ ဝိနည်းတော်နှင့် အညီ ရှာမှီး တတ်ဖို့ သုံးစွဲတတ်ဖို့ လိုသည်၊ ငှက်ပျော ငါး ကျူပင်တို့ကို မိမိအသီးက ပြန်၍ သတ်ဖြတ်သကဲ့သို့ ပစ္စည်းလာဘ်လာဘက ရဟန်းကို ပြန်၍ သတ်ပါသည်။
ပစ္စည်း ၄-ပါးသည် သုံးတတ်လျှင်ကား ဆေး၊ မသုံးတတ်လျှင် ဘေး ဖြစ်တတ်ပါသည်၊ ဘေးမဖြစ်ရန် သုံးစွဲနည်း ပစ္စဝေက္ခဏာတို့ကို လည်း မြတ်စွာဘုရားက ထပ်မံ၍ ညွှန်ကြားတော်မူခဲ့ပါသေးသည်။

လုံး၀ မပြုထိုက်သော အရာ (ရှောင်ရန်) ၄-မျိုး

ဆောင်ရန် သိဖို့ထက် ရှောင်ရန် သိဖို့က ပို၍ အရေးကြီးပါသည်၊ လွန်ကျူးမိက ကုစား၍ မရနိုင်ကောင်းသော ပြစ်မှုမျိုးလည်း ရှိတတ် သေးသည်၊ မီးခဲကိုကိုင်မိ၍ အပူလောင်းခံရသော အနာကို ဆေးကုလို့ရနိုင်သည်၊ ၆၆၀၀-ရှိ မဟာဓာတ်အားလိုင်း လျှပ်စစ်ကြိုးကို ကိုင်မိလျှင် တစ်ခါတည်း မီးလောင်ပြာကျပြီး သေသွားမည်၊ ဆေးကုလို့မရတော့၊ ထို့အတူ သံဃာဒိသေသ် စသော အာပတ်အပြစ်များ ကျူး လွန်မိလျှင် ကုစား၍ ရနိုင်သေးသည်၊ ပါရာဇိကပြစ်မှုမျိုးကို ကျူးလွန်မိလျှင် တစ်ခါတည်း ရဟန်းဘ၀ ဆုံးရှုံး သွားတော့သည်၊ တစ်ဖန် ရဟန်းကောင်း ဖြစ်အောင် ကုစား၍ မရနိုင်တော့၊ ဘုရားလက်ထက်က ရဟန်းတော်လေးတစ်ပါး ရဟန်းခံပြီး ရက်ပိုင်းအတွင်း မသိ နား မလည်သဖြင့် မယားဟောင်းနှင့် လွန်ကျူးမိသွား၏၊ ရဟန်းဘ၀ ဆုံးရှုံးသွားကြောင်း နောက်မှသိရသည်၊ ထိုအဖြစ်မျိုး မကြုံမိစေရန် မှီရာ ၄-ပါးကို ပြောကြားပြီး နောက် မပြုထိုက်သော အရာ ၄-ပါးကို ပြောထားရန် မြတ်စွာဘုရားက မိန့်ကြားတော်မူခဲ့ပါသည်။

ယင်း ၄-ပါးတို့ကား-
၁။ လည်ပင်းပြတ်သွားသော ယောက်ျားသည် တစ်ဖန် အသက်မရှင်နိုင်၊ ထို့အတူ မေထုန်မှီဝဲလျှင် ရဟန်းအဖြစ် ဆုံးရှုံးသွားတော့သည်၊ ထို့ကြောင့် ရဟန်းဘဝမှာ နေသမျှ ကာလပတ်လုံး မေထုန်မမှီဝဲရ။
၂။ အညှာမှ ကြွေကျပြီးသော သစ်ရွက်ရော်သည် နောက်ထပ် တစ်ဖန် စိမ်းလန်း ခြင်းငှါ မထိုက်တော့၊ ထို့အတူ တမတ် တမတ်တန် သော ဥစ္စာ၊ တမတ်ထက် ပိုလွန်သော ဥစ္စာတို့ကို ခိုးယူမိလျှင် ရဟန်းဘ၀ ဆုံးရှုံးရတော့သည်၊ ထို့ကြောင့် သူတပါး ဥစ္စာကို မြက်၊ ဝါး ခြမ်းစိတ်မှ စ၍ မခိုးယူရ။
၃။ နှစ်ခြမ်းကွဲပြီးသော ကျောက်ဖျာကြီးသည် ပကတိအတိုင်း တဖန် ပြန်ဆက်စပ်၍ မရနိုင်သကဲ့သို့ လူဇာတ်ရှိသူကို သတ်မိလျှင် ရဟန်း မဟုတ်တော့၊ ထို့ကြောင့် သူတပါး အသက်မှန်သမျှကို မသတ်ရ။
၄။ လည်ဆစ်ပြတ်လေပြီးသော ထန်းပင်သည် တဖန် စည်ပင် ပြန့်ပွါးခြင်းငှါ မထိုက် တော့သကဲ့သို့ မိမိသန ္တာန်ဝယ် တကယ်မရှိသော ဈာန် မဂ် ဖိုလ် တရားများကို လိမ်ညာပြောမိလျှင် ရဟန်း မဟုတ်တော့၊ ထို့ကြောင့် လိမ်ညာမပြောရ၊ လိမ်ညာ ပြောခြင်းအမှုကို ရဟန်း ဘဝမှာ နေသမျှ ရှောင်ကြဉ်ရမည်။

နားလည်မှုယူ၍ ခွင့်လွှတ်ခြင်း

ရဟန်းဖြစ်ချိန် မှတ်တမ်း၊ ဆောင်ရန် ၄-ပါး၊ ရှောင်ရန် ၄-ပါး တို့ကို ပြောကြား ပြီးနောက် လိုက်နာကျင့်သုံးရမည့် ဝတ္တရားများ မလစ် ဟင်းစေရန်နှင့် လစ်ဟင်းမှုရှိက သက်သာခွင့်ရရန် လမ်းညွှန်ချက် ပေးရသေးသည်၊ ဥပဇ္ဈာယ်ဆရာနှင့် ကမ္မဝါစာ ဆရာတို့သည် ရဟန်း ဖြစ်အောင် ချီးမြှောက်ပေးကြသော ဆရာရင်းများ ဖြစ်ကြသည်၊ ရဟန်းခံရာတွင် သံဃာအရေအတွက် ပြည့်မီ အောင် ပါဝင်သူ ကာရက သံဃာများသည်လည်း ရဟန်းသစ်၏ ကျေးဇူးရှင်များပင် ဖြစ်ကြ၏၊ သာသနာတော်တွင်း၌ ဆရာတပည့်အချင်းချင်း ဆက်ဆံရေးဝတ္တရား များရှိကြသည်၊ ဝတ္တရား မကျေပွန်လျှင် အာပတ်အပြစ်ဖြစ်ရုံမက သီလကိုလည်း ဖြည့်ကျင့်သည်မမည်၊ သီလမစင်ကြယ်က စိတ်တည်ငြိမ် မှုမရှိဘဲ မဂ် ဖိုလ် နိဗ္ဗာန်ကိုလည်း မရနိုင်၊ ထို့ကြောင့် ဆရာတပည့်တို့ တာဝန်ကိုယ်စီ ဖြည့်ကျင့်ကြရသည်၊ ဆရာတပည့် အနေကွာခြင်း စသော အကြောင်းကြောင့် ဝတ္တရား မပြုနိုင်ခဲ့သော် အပြစ်မှ သက်သာခွင့်ရရန် နားလည်မှုယူပြီး ခွင့်ပြုထားလျှင် အပြစ်လွတ်နိုင်သည်။

အချင်းချင်း ခွင့်လွှတ်ပုံ

‘ဥပဇ္ဈာယ်ဆရာ ကမ္မဝါစာဆရာ ကာရကသံဃာတော်အရှင်မြတ်တို့ဘုရား၊ အရှင်မြတ်တို့အပေါ်၌ တပည့်က ပြုရမည့် ဝတ္တရားများစွာပင် ရှိပါသည်ဘုရား၊ နေရာတပါး ဝေးခြားခြင်းစသော အကြောင်းကြောင့် ခွင့်ပြု၍ရစကောင်းသော ဝတ္တရားများကို မပြုဘဲနေနိုင်ရန် ခွင့်လွှတ် တော်မူပါဘုရား၊ ဘုရားတပည့်တော်အပေါ်၌ အရှင်မြတ်တို့ ပြုရမည့် ဝတ္တရားများကိုလည်း တပည့်တော်က မသာယာဘဲ ခွင့်လွှတ်ပါသည် ဘုရား’။

သာသနာ့တာဝန် ထမ်းဆောင်ခြင်း

ရှင်သာမဏေနှင့် ရဟန်းနှစ်ဦးစလုံးသည် လူ့ဘောင်ကို စွန့်ခွါပြီး အိမ်ရာမထောင် သာသနာ့ဘောင်၌ သာသနာ့တာဝန်များကို ထမ်းဆောင် နေသူများ ဖြစ်သည်၊ သာသနာ့တာဝန် ဟူသည် အချုပ်အားဖြင့် ဂန ္ထဓုရ၊ ဝိပဿနာဓုရ- ဟု နှစ်မျိုးသာ ရှိသည်၊ သင်ယူလေ့ကျင့်ရေး တာဝန်၊ ကျင့်ကြံရေးတာဝန် ဟု ဆိုလိုသည်၊ အနည်းငယ် ချဲ့ဦးအံ့–
၁။ ဂန ္ထဓုရ- ပိဋကတ်စာပေကျမ်းဂန် သင်အံပို့ချရေးတာဝန်။
၂။ ဝိပဿနာဓုရ- ကမ္မဋ္ဌာန်းဘာဝနာ ပွါးများအားထုတ်ရေးတာဝန်။

ဤနှစ်ရပ်ကို ရည်ရွယ်၍-
“ရဟန်းကိစ္စ၊ နှစ် ဓုရ၌၊ လုံ့လအားသည်း၊ ဟိတ်ဟန်နည်း၍၊ ပစ္စည်းမသို၊ စိတ်မတို၊ ခင်ပျို ကြီးပွါးကြောင်း”ဟု မိန့်ဆိုကြသည်။
ပိဋကတ်စာပေကျမ်းဂန် သင်ကြားနေကြသော ဂန ္ထဓုရပုဂ္ဂိုလ်တို့သည် ရည်ရွယ်ချက် သုံးမျိုးဖြင့် သင်ကြားနေသည်ကို တွေ့ရသည်။

ပရိယတ္တိ ၃-မျိုး

၁။ မြွေဖမ်းတတ်ခြင်းနှင့် တူသော သင်ယူပုံ၊
၂။ သံသရာဝဋ်ဒုက္ခမှ ထွက်မြောက်ရန် အကျိုးကို မျှော်ကိုး၍ သင်ယူပုံ၊
၃။ ဘဏ္ဍာစိုးနှင့် တူသော သင်ယူပုံ။
စာပေကျမ်းဂန် သင်ယူရာတွင် အချို့က သူတပါးကို နှိမ်ရန် ဝင့်ကြွားရန်၊ ဘုန်းကြီးရန် စသော လောဘ ဒေါသ အကုသိုလ်မူလ အရင်း ခံဖြင့် သင်ယူကြသည်၊ ထိုသင်နည်းမျိုးကို မြွေဖမ်း တတ်ခြင်းနှင့်တူသော သင်ယူနည်းဟုခေါ်သည်၊ မြွေဖမ်းသောအခါ အဖမ်းမတတ်လျှင် ထိုမြွေ ကိုက်၍ သေသော်လည်း သေရာ၏၊ ထို့အတူ လောဘ ဒေါသ အကုသိုလ်မူလ အရင်းခံဖြင့် သင်ကြားလျှင် ထိုအကုသိုလ်ကပင် မိမိကို အပါယ်သို့ ပို့ဆောင်ပါလိမ့်မည်။

သီလ သမာဓိ ပညာ ဖြည့်ကျင့်ဖို့ရန် ရည်ရွယ်ချက်ဖြင့် သင်ယူခြင်းကို သံသရာဝဋ်ဒုက္ခမှ ထွက်မြောက်ရန် အကျိုးကို မျှော်ကိုး၍ သင်ယူ နည်း ဟု ခေါ် သည်။
ထိုသင်ယူခြင်းမျိုးသည် မြွေဖမ်းတတ်သဖြင့် မြွေကိုက်မခံရသကဲ့သို့ လိုအပ်သော အကျိုးပြီးမြောက်နိုင်သည်။

စာသင်နေသူများကို မနှိမ်သင့်ပါ

သာသနာတော်၌ ကိစ္စအားလုံး ပြီးပြည့်စုံနေသော ရဟန္တာပုဂ္ဂိုလ်သည် သူတော်ကောင်းတရားကို စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့်သာ သင်ယူ၏၊ မိမိအတွက် ရည်ရွယ်ချက်မရှိ၊ ထိုသင်ယူခြင်း မျိုးကို ဘဏ္ဍာစိုးနှင့် တူသော သင်ယူနည်းဟု ခေါ်သည်။

ဆိုခဲ့ပြီးသော သုံးမျိုးတွင် နံပါတ် ၂-သင်ယူနည်းမျိုးဖြင့် သင်ယူမှသာလျှင် ရှင် ရဟန်းပြုရကျိုးနပ် နိုင်ပါသည်၊ အချို့လည်း ငယ်ရွယ်စဉ် နံပါတ် ၁- သင်ယူနည်းမျိုးဖြင့် သင်ယူရင်းပင် ပိဋကတ်တော် ၏ အနှစ်သာရများကို သိရသဖြင့် နံပါတ် ၂-သင်ယူနည်းမျိုးသို့ ပြောင်းလဲ သွားသည်ကို အများ အပြား တွေ့ရပါသည်။

ပရိယတ်နှင့် ပဋိပတ်သည် ခွဲလို့ မရ၊ တစ်ခုနှင့်တစ်ခု မှီတွယ်နေသည်၊ တစ်ချို့က ပေါဋ္ဌိလမထေရ်ကို ပုံစံထုတ်၍ ပရိယတ်ကို ပုတ်ခတ် နေကြပါသည်၊ စာသင် စာချနေသူများကို နွားနို့မသောက်ရသော နွားကျောင်းသား ပမာထားလျက် သနားသယောင်ယောင်ပြု၍ ပြက်ရယ် ပြုနေကြပါသည်၊ ထိုသူများ၏ အဆိုကြောင့်-
“တရားမနာ၊ စာပေ မသင်၊ နှုတ်တွင် မဆောင်၊ သိအောင် မပြု” လျှင်သော်လည်းကောင်း-
“စာသင် ပယ်လျော၊ ကျယ် မဟောကြ၊ ကျယ် မချနှင့်၊ ကျယ်စွ မအံ၊ မကြံမစည်” လျှင်သော်လည်းကောင်း- သာသနာကွယ်သွားနိုင်သည် မဟုတ်လော။

သို့ဖြစ်လျှင် သာသနာကွယ်ခြင်း၌ မည်သူ့အပေါ်မှာ တာဝန်ရှိပါသနည်း၊ ပညာရှိများ စဉ်းစားရန်၊ လူထွက်လို၍ တိုင်ပင်ရာတွင် သပိတ် သင်္ကန်းကို လိုချင်သဖြင့် အားပေးမိသောကြောင့် ၇-ကြိမ် လူထွက်ရသော စိတ္တဟတ္ထထေရ်၏ ဝဋ်ကြွေးကိုလည်းကောင်း၊ စာချဘုန်းကြီး ဘဝက စာသင်သား စိတ်ဓာတ်ကျအောင် ပြောဆိုမိသဖြင့် ဂါထာလေး တစ်ဂါထာကိုပင် တစ်ဝါတွင်းလုံးရအောင် မကျက်နိုင်သော ရှင် စူဠပန်၏ ဝဋ်ကြွေးကိုလည်းကောင်း နှလုံးမူ၍ စာသင်နေသူများ စိတ်ဓာတ်ကျအောင် မပြောမိဖို့ သတိပြုရမည်။

နံပါတ် ၂-သင်နည်းဖြင့် စာပေကျမ်းဂန်သင်ယူလျှင် ကိလေသာ ဝင်ခွင့်မရ၊ သီလ သမာဓိ ပညာ ရင့်ကျက်ပြီး မလိဃဒေ၀ ထေရ်ကဲ့သို့ အရဟတ္တဖိုလ်သို့ပင် ဆိုက်ရောက်နိုင်သည်၊ ကိုင်းကျွန်းမှီ ဆိုသကဲ့သို့ ပရိယတ် ပဋိပတ် နှစ်ရပ်တို့သည် အချင်းချင်း အင်အားပြုမှ ကြီးပွါး တိုးတက်နိုင်ကြမည်။
“ငါ ပရိယတ်သမား၊ ငါ ပဋိပတ်သမား” ဟု ကြွေးကြော်ရုံမျှနှင့် မပြီးပါ၊ ပရိယတ်သည် ပစ္စည်း ၄-ပါး ကျောထောက် နောက်ခံရှိသည်၊ ပဋိပတ်သည် ဓုတင် ကျောထောက် နောက်ခံ ရှိသည်။

အနှစ်ရှာကြစို့

စန္ဒကူးနှစ်ကို ရလိုလျှင် စန္ဒကူးပင်ကြီးမှ အပွေး အခေါက် အခွံ အကာတို့ကို ပယ်ရှားပစ်ရမည်၊ အပွေး အခေါက် အခွံ အကာတို့ဖြင့်သာ တင်းတိမ်နေလျှင် စန္ဒကူးနှစ်ကို မရနိုင်၊ ထို့အတူ သာသနာ့ဘောင် ဝင်၍ ရှင် ရဟန်းပြုနေခြင်းသည် အရဟတ္တဖိုလ် အနှစ်ကို ရှာဖွေနေ ခြင်းပင် ဖြစ်သည်။

သို့ပါလျက်-
၁။ အချို့က အပေါ်ယံ အပွေးမျှဖြစ်သည့် လာဘ သက္ကာရ သိလောက (လာဘ်ရမှု၊ အပူဇော်ခံရမှု၊ အရှိန်အဝါရှိမှု)နှင့် တင်းတိမ်နေ၏။
၂။ အချို့က တဆင့်တက်ပြပြီး အခေါက်ပမာ သီလမျှဖြင့် တင်းတိမ်နေသည်။
၃။ အချို့ကလည်း တတိယဆင့် အခွံနှင့်တူသော ဈာန်သမာဓိလောက်ကို အဟုတ် ကြီး ထင်နေပြန်သည်။
၄။ အချို့မှာ စတုတ္ထဆင့် အမြင်ထူးရ တန်ခိုးပြနိုင်ခြင်းဟူသော အဘိညာဉ်ကိုပင် ရဟန္တာအဖြစ် ထင်နေကြသည်၊
အဘိညာဉ်သည် သာသနာတော်၏ အကာမျှ ဖြစ်နေသည်ကို မသိကြပေ။
၅။ တကယ့်အနှစ် အရဟတ္တဖိုလ်အစစ်ကို ရလိုလျှင်-
လာဘ သက္ကာရ သိလောက- အပွေး၊ သီလ- အခေါက်၊ သမာဓိ- အခွံ၊ အဘိညာဉ်- အကာတို့ကို ပစ်ပယ်ရမည်၊
မလိုအပ်သည်များကို ပယ်ရှား၍ အရဟတ္တဖိုလ်အနှစ်ကို ရယူနိုင်မှသာ အစ၌ ဆိုခဲ့သော ဒုက္ခကင်းရေးရည်ရွယ်ချက် အထမြောက်ပေမည်။

နိဂုံးချုပ်

အချုပ်ဆိုရသော် သတ္တဝါတိုင်း ဒုက္ခနှင့် ရင်ဆိုင်နေကြရသည်ချည်းဖြစ်၍ ဒုက္ခကင်းလိုကြသည်၊ ဒုက္ခကင်းရေး နည်းလမ်းအစစ်ကား ဗြဟ္မ စရိယပင်ဖြစ်သည်၊ ဗြဟ္မစရိယကို ပြည့်စုံဖြူစင်စွာ ဖြစ်အောင် ကျင့်ကြံဖို့ရာလည်း ရဟန်းပြုကြသည်၊ ရှင်သာမဏေ ဖြစ်ခွင့်ကို သရဏဂုံ ဖြင့် ပြုရသော နည်းတစ်မျိုးကိုသာ ခွင့်ပြုတော်မူခဲ့သည်။

ရဟန်းဖြစ်ခွင့်ကိုကား-
“ဧဟိ သရဏ၊ သြဝါဒ၊ ပဉ္စ ဂရုဓမ်။
ဒူတေ အဋ္ဌ၊ ဥတ္တိပြ၊ ရှစ်၀ ရဟန်းမှန်” ဟူ၍ ၈-မျိုး ခွင့်ပြုတော်မူခဲ့သည်။
ထို ၈-မျိုးတို့တွင် ဥတ္တိစတုတ္ထကမ္မဝါစာဖြင့် ရဟန်းပြုပေးနိုင်သော စနစ်တစ်ခုသာ ယနေ့ထက်တိုင် ရှင်သန်လျက် ရှိနေပေသည်၊ ထိုစနစ် ကို မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပို့တွဲ လပြည့်နှင့် တပေါင်းလပြည့် အကြားလောက်မှာ စတင်ပညတ်တော်ခဲ့သည်၊ သာသနာတည်သရွေ့ တည်ရှိမည့် နည်းစနစ်လည်း ဖြစ်သည်၊ မြတ်စွာဘုရားသည် ရှင် ရဟန်းပြုခွင့်ပေးရာမှာ ကြည်ညိုဖွယ်ရာ ဖြစ်စေ နိုင်သည့် ဥပဓိသမ္ပတ္တိရှိသူများကိုသာ ခွင့်ပြုခဲ့ပါသည်။

ရှင်ရဟန်းဖြစ်ခွင့်ရသူများသည် အဓိသီလ သိက္ခာပုဒ်များ၏ တည်ရာ စေတီအိမ်များဖြစ်၍ လူ နတ် ဗြဟ္မာ သတ္တဝါ အားလုံး၏ ရှိခိုး ဦး ခိုက်မှုကို ခံထိုက်ကြရသည်၊ မြတ်စွာဘုရားသည် တပည့်သား များတွက် အာမိသအမွေ၊ ဓမ္မအမွေ နှစ်မျိုးလုံးကိုပေးခဲ့ပါသည်၊ တပည့်သား များကလည်း ရရှိသည့် အမွေပစ္စည်း နှစ်မျိုး စလုံးကို အသုံးချဖို့လိုပါသည်။

အာမိသအမွေဖြင့်သာ လမ်းဆုံးနေလျှင်-
“သံသာရဝဋ္ဋဒုက္ခတော မောစနတ္ထာယ”ဟူသော မူလရည်ရွယ်ရင်းကိစ္စ ပြီးမြောက်မည်မဟုတ်ပါ၊ ပစ္စည်း ၄-ပါး အာမိသအမွေကို တရားနှင့်အညီ သုံးဆောင်ခြင်း၊ ရှောင်ကြဉ်ခြင်း၊ လိုက်နာခြင်းတို့ဖြင့် ဓမ္မအမွေကို ခံယူမှသာ ဒုက္ခကင်းရေး ရည်ရွယ်ချက် အောင်မြင်မည် ဖြစ် ကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက်ပါသည်။