မြတ်သင်္ကန်းအကြောင်းသိမှတ်ဖွယ်

ဝါဆိုရည်မှန်း မြတ်သင်္ကန်းအကြောင်း

လမြတ်ဝါဆိုမှာ ဝါဆိုသင်္ကန်း ကပ်လှူကြတဲ့အကြောင်း၊ အကျိုးသိ ကောင်းစရာအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ထေရဝါဒ ရဟန်းတော်များရဲ့ ဝါဆိုရာ ဝါတွင်းကာလ အချိန်နီးကပ်လာတာနဲ့အမျှ ဗုဒ္ဓဘာသာမြန်မာများရဲ့ရဟန်းတော်များ ဝါတွင်းကာလဝတ်ရုံ အသုံးပြုနိုင်ရန် ရည်မှန်းပြီး လှူဒါန်းကြတဲ့ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲများဟာလည်း တဖြည်းဖြည်း အချိန် လုလာကြတာကို သတိထားမိလာပါတယ်။ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းမယ့် ရက်ကို အလုအယက် ဖြစ်လာကြတဲ့အပိုင်းမှာ တစ်ချို့က ဝါဆိုသင်္ကန်းကိုဝါမဆိုခင်ပဲ ဆက်ကပ်လှူဒါန်း ကောင်းတယ်လို့ ထင်နေကြတဲ့ အတွက်ကြောင့်ဖြစ်သလိုတစ်ချို့လည်း ဝါဆိုသင်္ကန်းအလှူဟာ ဝါမဆိုခင်လှူမှ ပိုပြီးကုသိုလ်ရကာ ဝါတွင်းသုံးလလုံးလုံး မိမိတို့ လှူဒါန်းထားတဲ့ သင်္ကန်းကို အပြည့်အဝဝတ်ရုံံသုံးဆောင်နိုင် ကြမှာဖြစ်တယ်လို့ လက်ခံယုံကြည်ထားကြတဲ့ အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။တစ်ချို့လည်း ဘာရယ်မဟုတ်သူများဝါဆိုသင်္ကန်းဆိုလို့ လိုက်ပြီးဝါဆိုသင်္ကန်း လုပ်လိုက်ရတာတွေလည်း ရှိတတ်ပါတယ်။

ဒါကြောင့် ဝါဆိုသင်္ကန်းနဲ့ ပတ်သက်ပြီး ဟိုလိုလိုဒီလိုလို ဖြစ်နေတဲ့ဗုဒ္ဓဘာသာ အချို့အတွက် ဝါဆိုရည်မှန်းမြတ် သင်္ကန်းအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြရခြင်းဖြစ်ပါတယ်။တကယ်တော့ ဝါဆိုသင်္ကန်းရဲ့ မူရင်းအခေါ်ကမိုးရေခံံသင်္ကန်းဆိုတဲ့ အခေါ်အဝေါ်ပဲ ဖြစ်ပါတယ်။

ပါဠိလိုတော့ဝဿာဝါသိကစီဝရ၊ ဒါမှမဟုတ် ဝဿိကသာဋိကစီဝရလို့ ခေါ်ပါတယ်။ခုနောက်ပိုင်းတော့ ဒီမိုးရေခံသင်္ကန်းဆိုတဲ့ အခေါ်ကို အသုံးမပြုကြတော့ဘဲ ဝါဆိုသင်္ကန်းဆိုတဲ့ အမည်နဲ့ပဲ တွင်တွင်ကျယ်ကျယ် အသုံးပြုဖြစ်ခဲ့ကြပါတယ်။ဘယ်လိုပဲခေါ်ခေါ် ရည်ရွယ်ချက်ကတော့ ဝါဆိုဝါကပ်ကြတဲ့ ရဟန်းတော်များ ဝါတွင်းကာလမှာသင်္ကန်းနဲ့ ပတ်သက်ပြီးချမ်းချမ်းသာသာ ဖြစ်စေလိုကြတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒီသင်္ကန်းအလှူဟာ မိုးတွင်းကာလမှာ အပိုအနေနဲ့ လဲလှယ်ဝတ်ရုံ အသုံးပြုနိုင်ဖို့ ဘုရားရှင် ခွင့်ပြုတော်မူခဲ့တဲ့ ဝိနည်းတော်နဲ့ ညီညွတ်တဲ့သင်္ကန်းအလှုဖြစ်လို့လည်း မွန်မြတ်တဲ့ စီဝရဒါနအလှူ ဖြစ်ပါတယ်။

ဒီဝါဆိုသင်္ကန်းအလှူ ခွင့်ပြုဖြစ်ခဲ့ရခြင်းရဲ့ အကြောင်းက ဝိသာခါဒါယိကမကြီးရဲ့ တောင်းလျှောက်မှုရဲ့ကောင်းမှုကြောင့်ပဲ ဖြစ်ပါတယ်။တစ်ခါက မြတ်စွာဘုရားရှင် သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေထိုင်တော်မူချိန် ကျွန်းကြီးလေးကျွန်းလုံးမှာ သဲသဲမဲမဲ မိုးကြီးရွာသွန်းခဲ့ပါတယ်။

လေးကျွန်းလုံး မိုးကြီးရွာသွန်းတာဖြစ်တဲ့အတွက် ဘုရားရှင်က ရဟန်းတော်များကို မိုးရေခံဖို့၊ မိုးရေးချိုးဖို့ ခွင့်ပြုတော်မူခဲ့ပါတယ်။အဲဒီအချိန်က ရဟန်းတော်များဟာ သင်္ကန်းအပို အလှူခံခွင့် မရှိကြသေးတဲ့အတွက် မိုးရေးချိုးတဲ့အခါ သင်္ကန်းအားလုံးကို ချွတ်ပြီး မီးမွေးတိုင်းဖမွေးတိုင်း မိုးရေးချိုးဖြစ်ခဲ့ကြပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို အဲဒီနေ့မှာ ဘုရားအမှူးရှိတဲ့ သံဃာတော်များကို ဆွမ်းကပ်ဖို့ ပင့်လျှောက်ထားတဲ့ဝိသာခါ ဒါယိကာမကြီးကလည်း အလုပ်အကျွေး တစ်ယောက်ကို ဘုရားကျောင်းသွားပြီး ဆွမ်းကိစ္စ အကြောင်းကြားဖို့စေလွှတ်လိုက်ပါတယ်။အလုပ်အကျွေး ဒကာမဟာ ကျောင်းရောက်တဲ့အခါ မိုးရေချိုးနေကြတဲ့ရဟန်းတော်များကိုတွေ့ပြီး ကျောင်းမှာရဟန်းတော်များမရှိဘဲ အဝတ်မဝတ်တဲ့ဒိဋ္ဌိတက္ကဒွန်းတွေပဲ တွေ့ခဲ့ရကြောင်း ဝိသာခါကိုပြန်ပြောပြပါတယ်။ အခြေအနေ အရပ်ရပ်ကိုသိနေတဲ့ ဝိသာခါက ဉာဏ်နဲ့ဆင်ခြင်ပြီး ဒါဟာရဟန်းတော်များ မိုးရေးချိုးနေကြတာ ဖြစ်နိုင်ကြောင်း၊ ဒါပေမယ့် သဒ္ဓါတရား နည်းသူများက တက္ကဒွန်းများနဲ့အထင်မှားနိုင်ကြောင်း သဘောပေါက်ကာ မြတ်စွာဘုရားရှင်ကြွတော်မူလာတဲ့အခါ ရဟန်းတော်များအတွက် ဝဿိကသာဋိကစီဝရခေါ်မိုးရေခံသင်္ကန်းကိုလှူဒါန်းခွင့်ပြုဖို့ တောင်းပန်လျှောက်ထားခဲ့ပါ တယ်။ ဒါကိုမြတ်စွာဘုရားရှင်ကလည်း ဝိနည်းသိက္ခာပုဒ် ပညတ်ကာမိုးရေခံသင်္ကန်း အလှူခံမှုကို ခွင့်ပြုတော်မူခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး ဒီနေ့အထိ မိုးရေခံသင်္ကန်းခေါ်ဝါဆိုသင်္ကန်းကပ်လှူခြင်း အစဉ်အလာဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။မိုးရေခံသင်္ကန်း ခေါ်ဝါဆိုသင်္ကန်း ခွင့်ပြုပြီးတဲ့ နောက်ပိုင်းမှာ ဒီသင်္ကန်းကိုလှူဒါန်းမှုနဲ့ ပတ်သက်ပြီးအချိန် ကာလသတ်မှတ်ချက် အကြောင်းလည်း ပြောဖို့လိုလာပါတယ်။ဒီမိုးရေခံသင်္ကန်းနဲ့ ပတ်သက်ပြီး ရဟန်းတော်များအနေနဲ့ကိုယ်တိုင်ချုပ်လုပ်ပြီး သုံးဆောင်မယ်ဆိုရင်တော့ ပြုလုပ်နိုင်တဲ့ ကာလက နယုန်လပြည့်ကျော် (၁) ရက်နေ့ကစပြီး မိုးလေးလကုန်တဲ့အထိ ရှားမှီချုပ်လုပ်နိုင်ပါတယ်။ဒီသင်္ကန်းကို လှူဒါန်းတဲ့အလှူရှင်များ အနေနဲ့ကတော့ ကာလသတ်မှတ်ချက်မရှိဘဲ ဝါဆိုသင်္ကန်းအဖြစ်ရည်မှန်းပြီးတော့ ဝါတွင်းပဲဖြစ်ဖြစ်၊ ဝါပပဲဖြစ်ဖြစ်ကြိုက်တဲ့အချိန်မှာ ကြိုက်သလောက် ဆက်ကပ်လှူဒါန်းနိုင်တာဖြစ် ပါတယ်။ဝါဆိုသင်္ကန်း လှူဒါန်းလိုတဲ့ အလှူရှင်တွေအတွက် ဝါမဆိုခင်လှူရတာတို့၊ ဘယ်နေ့ကစပြီး ဘယ်နေ့အထိပဲ လှူရတာတို့ စတဲ့သတ်မှတ်ချက်တွေ မရှိပါဘူး။ဝါဆိုသင်္ကန်းလို့ ရည်မှန်းပြီးလှူဒါန်းရုံနဲ့ ဝါဆိုသင်္ကန်းအလှူမြောက်ပြီး ဖြစ်ပါတယ်။

ဝါဆိုသင်္ကန်းအလှူနဲ့ ကထိန်သင်္ကန်းအလှူ ပြီးတော့ ရိုးရိုးသင်္ကန်းအလှူ ဘယ်လိုကွာခြားလဲလို့မေးစရာ မေးခွန်းတွေလည်း ရှိလာနိုင်ပါတယ်။ ယေဘုယျပြောရရင်တော့ စီဝရဒါနခေါ် အဝတ်သင်္ကန်း အလှူဟာ စေတနာပြတ်ပြီးလှူဒါန်းမယ်ဆိုရင် အကျိုးတရားက အပြည့်အဝ ရပြီးသားပဲဖြစ်ပါတယ်။

ဗုဒ္ဓစာပေတွေမှာ အဝတ်သင်္ကန်းကို လှူဒါန်းခြင်းဟာ အဆင်းကိုလှူဒါန်းရာ ရောက်တဲ့အတွက် ရုပ်ရည်အဆင်းလှပခြင်းကို ဖြစ်စေတတ်ကြောင်း၊ အမြင့်မြတ်ဆုံးအနေနဲ့ သင်္ကန်းအလှူကိုလှူဒါန်းတဲ့သူဟာ ဒကာတွေဆိုရင် ဘုရားတစ်ဆူဆူ အထံတော်မှာ ဧဟိဘိက္ခု (ချစ်သားလာလော့) အခေါ်ခံရပြီး အလွယ်တကူ ရဟန်းအသွင်ကို ရရှိစေကာမဂ်ဖိုလ်နိဗ္ဗာန် ဝင်စံနိုင်သလို၊ အမျိုးသမီးတွေဆိုရင်လည်း လောကီအကျိုးအနေနဲ့ အလွန်အဖိုးထိုက်တန်တဲ့ မဟာလတာတန်ဆာကို ဝတ်ဆင်မြန်းနိုင်ပြီး နောက်ပိုင်းဘုရားသာသနာနဲ့ ကြုံတွေ့ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့အထိအ ထောက်အပံ့ကို ဖြစ်စေကြောင်းစသဖြင့် ဖွင့်ဆိုရှင်းပြထားတာကို တွေ့ရပါတယ်။ဒါကအမျိုးအမည် မကွဲပြားတဲ့ သင်္ကန်းအလှူရဲ့ အကျိုးပေးပဲဖြစ်ပါတယ်။ဒါပေမယ့် ကထိန်သင်္ကန်းတို့၊ ဝါဆိုသင်္ကန်းတို့ ဆိုတာကတော့ ကာလအပိုင်းအခြားသတ်မှတ်ပြီး လှူဒါန်းတဲ့အလှူတွေဖြစ်တဲ့အတွက် စီဝရဒါနခေါ်သင်္ကန်းအလှူမြောက်ရုံတင်မဟုတ်ဘဲ ကာလဒါနလည်းမြောက်တဲ့အတွက်အကျိုးတရားပိုပြီး ထူးခြားတယ်လို့ ပြောနိုင်မှာဖြစ်ပါတယ်။ကာလဒါန အလှူရဲ့သဘောက အကျိုးပေးတဲ့အခါ ကိုယ်လိုတဲ့အချိန်မှာ လိုအပ်ချိန်နဲ့ကိုက်ညီတဲ့၊ လိုအပ်ချိန်မှာလိုအပ်တဲ့ အရာကိုအလွယ်တကူ ရစေနိုင်တဲ့အကျိုးထူးကိုလည်း ဖြစ်စေတတ်ပါတယ်။ဝါဆိုသင်္ကန်းအလှူဟာ အမြဲမပြတ်ကုသိုလ်ဖြစ်စေတဲ့ နိဗဒ္ဓအလှူ (၇)မျိုးထဲမှာပါဝင်တဲ့ ကုသိုလ်ဖြစ်ပြီးဒီကုသိုလ်ကို အမြဲ မပြတ် ဆင်ခြင်ပွားများနေမယ်ဆိုရင် သေပြီးနောက်ဒုတိယဘဝမှာ အပါယ်မလားဘူးလို့ လည်းအဋ္ဌကထာ ဆရာများက ဖွင့်ပြထားပါတယ်။ နိဗဒ္ဓဆိုတာ အမြဲမပြတ် ကုသိုလ်ဖြစ်စေအပ်တယ်လို့ အဓိပ္ပါယ်ရပြီး အဲဒီလိုအမြဲမပြတ်ကုသိုလ် ဖြစ်စေအပ်တဲ့ နိဗဒ္ဓအလှူ (၇) မျိုးက ၁။ သရဏဂုံတည်နေခြင်း ၂။ ငါးပါးသီလလုံခြုံနေခြင်း ၃။ စာရေးတံမဲအလှူလှူဒါန်းခြင်း ၄။ လပြည့်လကွယ် ၁၅ရက်နေ့များမှာလှူဒါန်းတဲ့ ပက္ခအလှူလှူဒါန်းခြင်း ၅။ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း ၆။ ရေတွင်းရေကန်တူးဖော်လှူဒါန်းခြင်း ၇။ ကျောင်းဆောက်လုပ်လှူဒါန်းခြင်းတို့ပဲ ဖြစ်ပါတယ်။

ဒီအလှူတွေထဲက နံပါတ် (၅)အလှူဟာ ဝါဆိုသင်္ကန်းအလှူဖြစ်ပြီး ဒီခုနှစ်မျိုးထဲက တစ်မျိုးမျိုးကိုစွဲမြဲအောင်ထိန်းသိမ်း ပြုလုပ်ထားမယ် ဆိုရင် ဒုတိယဘဝမှာ အပါယ်မလားဘူးလို့ဆိုခြင်း ဖြစ်ပါတယ်။ဒီနေရာမှာ အထူးသတိပြုရမှာက ဝါဆိုသင်္ကန်းအလှူဟာ နိဗဒ္ဓအလှူတွေထဲပါနေတဲ့အတွက် ဒီဝါဆိုသင်္ကန်းအလှူကို လှူထားလိုက်ရုံနဲ့ အပါယ်မလားတော့ဘူးလို့ တထစ်ချပြောလို့မရပါဘူး။နိဗဒ္ဓအလှူတစ်ခုခုကို လုပ်ထားပေမယ့်လည်း ဒီအလှူထက် တစ်ခြားအပါယ်လား စေတဲ့ အကုသိုလ်တွေကအားကြီးနေမယ် ဆိုရင်တော့အပါယ်လား နိုင်ပါသေးတယ်။တစ်ခြား အကုသိုလ်တွေမရှိဘူးဆိုရင်တော့ ဒီနိဗဒ္ဓအလှူထဲက တစ်မျိုးမျိုးကိုပြုလုပ်ထား သူဟာအပါယ်မလားနိုင်ဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။

ဝါဆိုသင်္ကန်းအလှူဟာ စီဝရဒါနအလှူဖြစ်သလို ကာလဒါနအလှူလည်း ဖြစ်တဲ့အတွက် ဒီသင်္ကန်းကို လှူဒါန်းတဲ့သူတွေဟာ သင်္ကန်းလှူရကျိုးအပြင် အလိုရှိချိန်မှာ လိုတာကိုရစေနိုင်တဲ့ ကာလဒါနအကျိုးကိုလည်းရရှိနိုင်ပြီး အဝတ်သင်္ကန်းကို လှူဒါန်းခြင်းဟာ အဆင်းကိုလည်း လှူဒါန်းရာရောက်တဲ့အတွက်ရုပ်ရည်အဆင်းလှပခြင်းနဲ့ပြည့်စုံနိုင်ကြောင်း၊ ပါရမီပြည့်မြောက်လို့ နောက်ဆုံးရောက်တဲ့ အချိန်မှာလည်း သင်္ကန်းလှူရတဲ့ အကျိုးအား ကြောင့် ရဟန်းဘဝကို အလွယ်တကူရရှိကာ မဂ်ဖိုလ်နိဗ္ဗာန်အထိ မျက်မှောက်ပြုနိုင်ကြောင်း စသဖြင့်ပြောလိုတာ ဖြစ်ပါတယ်။လက်တွေ့အနေနဲ့ ဒီသင်္ကန်းလှူဒါန်းတဲ့ ကုသိုလ်အပေါ်မှာ စွဲမြဲတဲ့စိတ်ထားနဲ့ ကုသိုလ်တရားပွားပြီး တခြားအပါယ်လားစေမယ့် အကုသိုလ်တရားတွေကိုလည်း ရှောင်ရှားထားမယ်ဆိုရင် သေပြီးနောက် ဒုတိယဘဝမှာ အပါယ်တံခါးပိတ်ထားနိုင်တဲ့ အကျိုးရလာဘ်ကို ရရှိခံစားစေမှာ ဖြစ်ပါတယ်။ဒါကြောင့် အလှူအမျိုးမျိုးရှိတဲ့အထဲက ဝါဆိုရည်မှန်း မြတ်သင်္ကန်းအလှူဟာလည်း အမြတ်ဆုံး အလှူတွေထဲက အကောင်းဆုံးအလှူ တစ်ခုဖြစ်တဲ့အတွက် အကြောင်းစုံလို့ လှူဒါန်းခွင့်ကြုံတဲ့အခါ ဒီအမြတ်ဆုံး အလှူတစ်ခုဖြစ်တဲ့ဝါဆိုသင်္ကန်း အလှူကိုလည်း အဆင်ပြေတဲ့အချိန်မှာ အဆင်ပြေသလို ရည်မှန်းကာလှူဒါန်းကြည့်ကြဖို့ တိုက်တွန်းရင်းဝါဆိုရည်မှန်း မြတ်သင်္ကန်းအကြောင်း တစ်စေ့တစ်စောင်း တင်ပြလိုက်ရပါတယ်။