ယနေ့ခေတ် လူငယ် ၊ လူလတ်၊ လူရွယ်တို့ သည် သူတို့၏ဆံပင်ကို အရောင်အမျိုးမျိုး ဆိုးကြပါသည်။သို့သော် ဘုရား၏သားတော် ရဟန်းတော်များကမူမိမိတို့၏သင်္ကန်း ကို ကြိုက်ရာအရောင် ဆိုးခွင့်မရှိပေ ။ အ ကြိုက်ဆုံးအရောင်ကို သုံးခွင့်လည်းမရှိပေ။ အသုံးပြုခွင့်မရှိသည့် သင်္ကန်းအရောင် ခြောက်မျိုး ရှိလေသည်။ ၎င်းတို့မှာ –
၁။ ညိုမောင်းသောအရောင်ရှိသည့်သင်္ကန်း
၂။ ဝါရွှေသောအရောင်ရှိသည့်သင်္ကန်း၊
၃။ နီသော အရောင်ရှိသည့်သင်္ကန်း ၊
၄။ မည်းနက်သောအရောင်ရှိသည့်သင်္ကန်း၊
၅။ အနီရင့်ရောင်ရှိသည့်သင်္ကန်း နှင့်
၆။ ဖျော့တော့သောအရောင်ရှိသည့် သင်္ကန်းတို့ဖြစ်ကြောင်း စာပေ၌ လာရှိပါသည်။
ထို့ကြောင့် သစ်ခေါက်ဆိုးကာ အသုံးပြုတော်မူကြသည့်ရဟန်းတော်များအနေဖြင့် သင်္ကန်းကို သစ်ခေါက်ဆိုးရာတွင် အရောင်ကို ဂရုတစိုက်စိစစ်ရပါသည်။ သင်္ကန်း ရေစိုနေသည့်အခိုက် တွေ့ ရသည့် အရောင်နှင့် သင်္ကန်းခြောက်သည့်အခါ တွေ့ရမည့်အ ရောင်မှာ များစွာပြောင်းလဲတတ်သည်ကိုလည်းမေ့မထားသင့်ပါ။သစ်ခေါက် ဆိုးရည်ဆိုးထားသည့် သင်္ကန်းသည် သာမန်သင်္ကန်းထက် အနည်းငယ် ပိုထူထဲသကဲ့သို့ အလေး ချိန်လည်း ပိုပါသည် ။
သင်္ကန်းကို
(၁) ပင်စည်ဆိုးရည် ၊
(၂) အသီး ဆိုးဆေးရည် ၊
(၃) အရွက်ဆိုးရည် ၊
(၄) အပွင့် ဆိုးရည် ၊
(၅) အခေါက်ဆိုးရည် ၊
(၆) အမြစ်ဆိုးရည်တို့ဖြင့် ဆိုးနိုင်ပါသည်။
သစ်ခေါက်ဆိုးနိုင်ရန် ပစ္စည်းများကို အပ်အပ်စပ်စပ် စီမံရပါမည်။ လိုအပ်သည့် ပစ္စည်းများမှာ မိုးဗြဲဒယ်တစ်လုံး၊ နို့ဆီဘူးခွံကို လက်ကိုင်တပ်ထားသည့် ယောက်ချို ၊ အခေါင်းဖုံး အရွယ်အစားခန့်ရှိသည့် သစ် သားအပြားတစ်ချပ် (ဝါ) အခေါင်းဖုံးတစ်ချပ်နှင့် ထင်းအရှည် အလုံအလောက်တို့ဖြစ်ပါသည် ။ ထင်းအကုန်အကျ သက်သာစေနိုင်သည့် အကောင်းဆုံးနည်းလမ်းမှာ ကျင်း တူးထားသည့် မီးဖိုကို သုံးခြင်းဖြစ်ပါသည်။
သင်္ကန်းသစ်ခေါက်ဆိုးရာတွင် ညောင်၊ ပျဉ်း ကတိုး၊ တောပိတောက် ငုဝါ၊ပိန္နဲ စသည့် အ စေးအားကောင်းသည့် အပင်များမှအခေါက် များကို သုံးလေ့ရှိကြပါသည် ။ ပျဉ်းကတိုးသီး အခွံအခြောက်များကိုလည်းအသုံးပြုကြပါသည်။
ညောင်ခေါက် မှ ကြက်သွေးရင့်ရောင် ၊
ပျဉ်းကတိုး ပိတောက် ငုဝါတို့မှ နီညိုရင့်ရောင်နှင့်
ပိန္နဲမှ အဝါရင့်ရောင် သစ်ခေါက်ရည်ကို ရပါသည်။
ညောင်ခေါက်သည် အသားရေကို အေး မြစေ၍ နွေရာသီတွင် သုံးလေ့ရှိပြီး ⛅ပျဉ်းကတိုး၊ ပိတောက်များသည် အနည်း ငယ် နွေးသဖြင့် ဆောင်းရာသီတွင် သုံးလေ့ ရှိပါသည် ။
သစ်ခေါက်ကို ခွာရာတွင် ကပ္ပိယကာရကက ဓားမထက်ထက်ဖြင့် သစ်ပင်ကို အပေါ်မျဉ်း အောက်မျဉ်းတစ်တောင်ခန့် ထစ်၍ ခွာရပါသည် ။ ခါးပတ်ရစ်ခွာမိလျှင် အပင်ကိုသင်း သတ်သကဲ့သို့ ဖြစ်ကာ အပင်သေတတ်ပါသည်။ သင်္ကန်း ဒွိစုံ တစ်စုံအတွက် ယေဘူယျအားဖြင့် သစ်ခေါက်နှစ်ပြည်ခန့် လိုအပ်ပါသည်။ ထို့ ကြောင့် သစ်ခေါက်ခွာမည့် ကပ္ပိယကလည်း ဗဟုသုတရှိရန် လိုပါသည်။ ချည်သင်္ကန်းကိုသာ သစ်ခေါက် ဆိုးရာတွင် ပိုမိုအဆင်ပြေတတ်ပြီး နိုင်လွန်သင်္ကန်း၊ တက်ထရွန်သင်္ကန်းများမှာမူ အ ဆင်မပြေတတ်ပေ ။
သစ်ခေါက်ခွာယူပြီးနောက် လက်လေးသစ်မျှ ခုတ်ပိုင်းကာ နာရီအနည်းငယ်ခန့် ရေစိမ်ရပါမည်။ ထို့နောက် ၎င်းရေ နှင့်အတူ မီးဖိုပေါ်တွင် ကြိုချက်ရပါသည် ။( ရေခန်းလျှင် ရေထပ်ထည့် , ရေခန်းလျှင် ရေထပ်ထည့်) ဖြင့် ၃ရေခန့် ကျပြီးလျှင်မူ သစ်ခေါက်ပြုတ်ရည် တစ်ဇွန်းခန့်ကိုယူပြီး အအေးခံကာ လို အပ်သည့် အစေးအတိုင်းအတာကိုရမရစမ်း သပ်ရပါသည်။ စမ်းသပ်နည်းမှာ သစ်ခေါက်ပြုတ်ရည်သုံးလေးစက်ကို လက်ညှိုးနှင့်လက်မအကြားလက်ချောင်း ၂ ချောင်းဖြင့် တို့ယူကာ ကပ်လိုက် ခွာလိုက် ကပ်လိုက် ခွာလိုက် ပြုလုပ်လျှင် စေးကပ်လာရပါမည်။ မစေးကပ်သေးလျှင် စေးကပ်လာသည်အထိ ကြိုချက်ရပါသည်။ မီးဖိုပေါ် သစ်ခေါက်ပြုတ်ရည် အသင့်ဖြစ်ပါက မီးဖိုထဲ၌ မီးစွဲလောင်နေသည့်ထင်းကို အပြင်သို့ထုတ်ယူကာ ဆိုးရည်ကို လက်ဖြင့် ထိသာ ကိုင်သာနွေးလောက်သည်အထိ အေးလာစေရန် ခေတ္တစောင့်ရပါမည် ။
အကယ်၍ ဆိုးရည်အေးစက်သွားပါလျှင်မူ သင်္ကန်း ချည်သားထဲ စိမ့်ဝင်နှုန်းကျသွားတတ်ပါသည်။
မိမိဆိုးလိုသည့် ချည်သင်္ကန်းကို အနံ (၁ ) ပေကျော်ကျော် ရှိလာသည်အထိ အရှည် လိုက်ခေါက်ပြီးသစ်ခေါက်ဆိုးရာ ပျဉ်အ ပေါ်၌ အလျားလိုက် ခင်းရပါသည် ။



