တရားထိုင်တဲ့အခါ ခါးကိုဖြောင့်ဖြောင့်မတ်မတ်ထား ရှေလည်းမငိုက်နဲ့၊ ဘေးလည်းမစောင်းနဲ့၊ ခေါင်းကလဲ ဘယ်ဘက်မှမစောင်းပါနဲ့၊ ခါးအထက်ပိုင်း ကိုယ်ကြီးဟာ ရှေနောက်ဘေးယိုင်နေရင် အရိုးအဆစ်တွေ အဆက်ခြင်း တည့်တည့်မနေတဲ့အတွက် မကြာခင် နာလာလိမ့်မယ်။ ဝေဒနာကို တွေ့ဖို့ရာထားပါဦး၊ သမာဓိ ရအောင်တောင် မထိုင်နိုင်ဘဲနေမှာစိုးရတယ် ခါးအောက်ပိုင်းကလဲသိပ်တင်းကျပ်ပြီး ခြေထောက်ခြင်း ဖိမထားရဘူး၊ ဖိထားခဲ့လို့ရှိရင် သွေးလွတ်ကြော၊ သွေးပြန်ကြောတွေ ကိုက်ခဲလာမယ်။ ဒီတော့ ထိုင်နည်းမမှန်ရင် ဝေဒနာကိုတမင်လုပ်ပြီး ယူရာကျမယ်၊ ဒီအချက်တွေဟာ တရားထိုင်စယောဂီများအတွက် အရေးကြီးတယ်။ ဝင်လေ ထွက်လေကို မှန်မှန်ရှူရှိုက်ရမယ်၊ သိပ်ပြင်းပြင်းထန်ထန်နဲ့ မြန်မြန်ဆန်ဆန် ရှူရှိုက်လိုက်လို့ရှိရင် ကိုယ့်ကိုယ်ကိုညှင်းဆဲရာကျမယ်။

အာနာပါနကမ္မဋ္ဌာန်းအရင်လုပ်ပါ

အာနာပါနဆိုတာ ထွက်လေဝင်လေကိုခေါ်တယ်၊ ဒီထွက်လေဝင်လေကို ရှူရာမှာ လေကိုဝအောင်ရှူ လျော့ပြီးလဲမရှူရဘူး၊ သိပ်ပြင်းပြင်းထန်ထန်လဲ မရှူရဘူး မှန်မှန်ပဲရှူရရှိုက်ရတယ်။ မိမိစိတ်ကို နှာသီးဖျားအထက် နှုတ်ခမ်း ရင်ညွန့်ကြိုက်ရာ တစ်နေရာရာမှာထားပါ၊ သတိနဲ့ကပ်ထားရမယ်၊ မလစ်စေရဘူး အာနာပါနရှူရှိုက်တဲ့အခါမှာ နှာသီးဖျားမှာ ထိတာကိုသိနေရမယ်။ သူ့သဘောအတိုင်း ထိတာကိုသိနေတဲ့ အာရုံမှတစ်ပါး ဘာတစ်ခုမှအာရုံမပြုရဘူး။ မိမိစိတ်ကလေးကို ရှူတိုင်းရှူတိုင်း သိသိနေတယ်ဆိုတာ သတိကိုလက် မလွတ်လို့သိတာ အဲဒါ “သမ္မာသတိ” လို့ခေါ်တယ်။ အာနာပါနအားထုတ်နေတုန်း စိတ်ဟာဘယ်ကိုမှ မရောက်ဘူး၊ အာရုံဟာ တခြားတစ်ပါး မပြေးတာက “သမ္မာသမာဓိ” လို့ခေါ်တယ်၊ စိတ်ကကိုယ်ထားတဲ့နေရာ တည်နေတာ။

သမာဓိအားကောင်းဖို့လိုတယ်

အေး… ဒါဆိုသမာဓိတော့ရပြီ၊ ဒါပေမယ့်ဒီထက် သမာဓိကောင်းကောင်းကြီးရဖို့ အားထုတ်ရန်လိုသေးတယ်။ ထွက်လေဝင်လေရှူတဲ့အခါ နှာခေါင်းကပဲ ရှူရမယ်၊ ပါးစပ်ကမရှူရဘူး၊ နှာခေါင်းကရှူပြန်လဲ ဘယ်ဘက်ကရှူတယ်၊ ညာဘက်ကရှူတယ် လိုက်နေဖို့မလိုဘူး၊ သမာဓိရဖို့ပဲ အရေးကြီးတယ်။ တခြားသမထလမ်းတွေကို လိုက်စရာမလိုဘူး၊ သမာဓိရဖို့ပဲ အရေးကြီးတယ်။

ရှူတာသိ၊ရှိုက်တာသိရမယ်

နှာခေါင်းကရှူရင် ရှူတာသိရမယ်၊ ရှိုက်ရင် ရှိုက်တာသိရမယ်၊ ပထမ အာနာပါန အားထုတ်ခိုင်းစဉ်က နှာသီးဖျားရင်ညွန့် ကြိုက်ရာတစ်ခုခု အရှုခိုင်းတယ်။ အခုတစ်ခါ အားထုတ်ရမှာက နှာသီးဖျားမှာ သတိကပ်ထားပြီး လွှဆွဲသမားသည် မှတ်သားထားသော မျဉ်းကြိုးနှင့်လွှ၏အသွား ထိတိုင်းထိတိုင်း သိနေရသလို နှာသီးဖျားမှာ ထွက်လေ ဝင်လေ ထိတိုင်းထိတိုင်းသိရမယ်။ ဒီအားထုတ်ပြီး အသိလိုက်သွားရင် အာရုံတခြားထွက်မသွားဘဲ သမာဓိ ကောင်းကောင်းကြီး ရနိုင်တယ်။ နောက်အလေ့အကျင့်ကောင်းကောင်းရသွားရင် (၁၅)မိနစ်လောက်နဲ့သမာဓိထူထောင်နိုင်ရမယ်။ သမာဓိကောင်းကောင်းရအောင် အားထုတ်တဲ့နေရာမှာ ကိုယ့်စိတ်ကိုနိုင်အောင် ဒီလိုဆုံးမကြ၊ ငါဥပမာလေးပြမယ်။

နွားရိုင်းကိုဆုံးမသလို

နွားကျောင်းသားဟာ နွားရိုင်းကိုဆုံးမချင်ရင် ချည်တိုင်ကိုခိုင်ခိုင်စိုက်ပါ၊ နွားရိုင်းကိုနဖားကြိုးတပ်ပြီး ချည်တိုင်မှာမြဲမြဲချည် ပြီးဆုံးမရတယ်။ ကမ္မဋ္ဌာန်းအာရုံတွေကိုလဲ နွားရိုင်းနဲ့တူတဲ့စိတ်ရိုင်းကို ကြိုးနဲ့တူတဲ့သတိတရားဖြင့် ချည်တိုင်မှာ တင်းတင်းကြပ်ကြပ်ချည်ပြီး ဆုံးမရမယ်။ စိတ်ကိုဒီအတိုင်းဆုံးမ၊ ဆုံးမတတ်ပြီလား (ဆုံးမတတ်ပါပြီ)။