စီဝရဟုခေါ်သော သင်္ကန်းသည် ရဟန်းသာမဏေတို့ ဝတ်ရုံသုံးဆောင်ရသော အဝတ်အထည် ဖြစ်ပါသည်။ ကိလေသာစင်သော ရဟန္တာအရှင်မြတ်တို့၏ အလံတံခွန် ( အရဟတ္တဓဇ ) ဟုလည်း ခေါ်ဆိုသည်။ သစ်ခေါက်ပြုတ်ရည်ဖြင့် ဆိုးရသောကြောင့် ဖန်ရည်ဆိုးသောအဝတ် ( ကာသာ၀ ) ဟုလည်း ခေါ်သည်။ လူအနာဂါမ်ပုဂ္ဂိုလ်သည်ပင် သင်္ကန်းဝတ်ဆင်ထားသော ပုထုဇဉ် ရှင်သာမဏေကို အရိုအသေပြုရ၏။ လမ်းခရီး၌ စွန့်ပစ်ထားသော မစင်လိမ်းကျံနေသည့် သင်္ကန်းကိုပင် လူနတ်ဗြဟ္မာသတ္တဝါတို့ လက်အုပ်ချီမိုး ရှိခိုးထိုက်၏။ သင်္ကန်း၌ မမြင်ရသော ဂုဏ်သတ္တိထူးများ တည်ရှိနေသည်။ လူ့ဘဝဖြင့် ရဟန္တာဖြစ်သူသည် ယုတ်ညံ့သော လူ့အသွင်ဖြင့်မနေနိုင်။ ရဟန္တာဖြစ်သောနေ့မှာပင် သင်္ကန်းဝတ်ရုံ၍ ရဟန်းပြုမှ အသက်ရှည်ကြာစွာ နေနိုင်၏။ ရဟန်းမပြုခဲ့လျှင် ထိုနေ့မှာပင် ပရိနိဗ္ဗာန်ပြုရ၏။ သင်္ကန်းသည် သာသနာကွယ်ခြင်း၊ မကွယ်ခြင်း၏ အမှတ်အသားတစ်ခုလည်းဖြစ်သည်။ သင်္ကန်းတစ်ထွာ တစ်ညှိုဝတ်ရုံထားလျှင်ပင် ရှိခိုးခံထိုက်၍ သာသနာတည်နေသေးသူဟု ဆိုရ၏။ ထိုသာသနာကို (လိင်္ဂသာသနာ ) အသွင်သာသနာဟုခေါ်သည်။
သင်္ကန်းအကြောင်း သရုပ်ပြတင်ဆက်ခြင်း
ရဟန်းတို့ ဝတ်ရုံသုံးဆောင်ခြင်းငှာ အပ်သောသင်္ကန်းသည် အမျိုးအစားအား ဖြင့်ခြောက်မျိုးရှိသည်။ ယင်းတို့မှာ
- ခေါမခြည်ဖြင့်ရက်သောသင်္ကန်း၊
- ဝါခြည်ဖြင့် ရက်သော သင်္ကန်း၊
- ပိုးခြည်ဖြင့်ရက်သော သင်္ကန်း၊
- လူမွေး၊သားရဲမွေးတို့မှတစ်ပါးကြွင်းသော သားမွေးတို့ဖြင့်ရက်သော သက္ကလတ်သင်္ကန်း၊
- ပိုက်ဆန်လျှော်ဖြင့် ရက်သောသင်္ကန်း၊
- ခေါမစသောခြည် ငါး မျိုးဖြင့် ရက်သောသင်္ကန်းတို့ဖြစ်သည်။ ထို့ပြင်
- ဒုကူလဟုဆိုအပ်သောတစ်စုံတစ်ခုသော လျှော်အထူးဖြင့်ရက်သောဘွဲ့ဖြူသင်္ကန်း၊
- ပဓုဏ္ဏတိုင်းဖြစ် ပိုးခြည်သင်္ကန်း၊
- သောမာရတိုင်းဖြစ်ပိုးခြည်သင်္ကန်း၊
- စိန့်တိုင်းဖြစ်ပိုးခြည် သင်္ကန်း၊
- တန်ခိုးဖြင့်ပြီးသောသင်္ကန်း၊
- နတ်လှူသောသင်္ကန်း၊




